Blog

  • အလုပ်သမားဥပဒေ ဆိုင်ရာပြဋ္ဌာန်းချက်များအား လေ့လာနိုင်ရန်အလုပ်သမားဥပဒေဝဘ်ဆိုက်(Labour Law Portal)အားစတင်ထုတ်လွှင့်

    အလုပ်သမားဥပဒေ ဆိုင်ရာပြဋ္ဌာန်းချက်များအား လေ့လာနိုင်ရန်အလုပ်သမားဥပဒေဝဘ်ဆိုက်(Labour Law Portal)အားစတင်ထုတ်လွှင့်

     

    သြဂုတ် ၊ ၅

    အလုပ်သမားဝန်ကြီးဌာန(အမျိုးသားညီညွတ်ရေးအစိုးရ)မှစီစဥ်ဆောင်ရွက်ထားသည့်
    အလုပ်သမားဥပဒေဝဘ်ဆိုက်(Labour Law Portal)တွင် အလုပ်သမားဥပဒေဆိုင်ရာ ပြဋ္ဌာန်းချက်များအားစုစည်းတင်ထားပြီးဖြစ်၍ ဝင်ရောက်ဖတ်ရှု့လေ့လာနိုင်ကြောင်းအသိပေးထုတ်ပြန်အပ်ပါသည်။

    အဆိုပါ Website တွင်အလုပ်သမားညွှန်ကြားရေးဦးစီးဌာနဆိုင်ရာဥပဒေများ၊ လူမှုဖူလုံရေးဆိုင်ရာဥပဒေများ၊ အလုပ်ရုံနှင့်အလုပ်သမားစစ်ဆေးရေးဆိုင်ရာဥပဒေများ၊ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနဆိုင်ရာဥပဒေများ၊ ပြည်ပအလုပ်အကိုင်စီမံခန့်ခွဲရေးဦးစီးဌာနဆိုင်ရာဥပဒေများ၊ ကျွမ်းကျင်မှုဖွံ့ဖြိုးရေးဦးစီးဌာနဆိုင်ရာဥပဒေများကိုဝင်ရောက်ဖတ်ရှုလေ့လာနိုင် မည်ဖြစ်ပါသည်။

    ဝင်ရောက်ဖတ်ရှု့လေ့လာရမည့် Labour Law Portal link မှာ https://laws.molmyanmar.org ဖြစ်ပါသည်။

  • “နွေဦးလုပ်သား” သတင်းလွှာ အတွဲ(၁)၊ အမှတ်စဉ် (၃)

    “နွေဦးလုပ်သား” သတင်းလွှာ အတွဲ(၁)၊ အမှတ်စဉ် (၃)

    အလုပ်သမားဝန်ကြီးဌာန(အမျိုးသားညီညွတ်ရေးအစိုးရ)မှစီစဥ်သည့် နွေဦးလုပ်သား သတင်းလွှာ အတွဲ ၁ ၊ အမှတ် ၃ ထွက်ရှိ

    နွေဦးလုပ်သားသတင်းလွှာတွင် လုပ်သားပြည်သူတို့၏ အသံများကိုကြားနိုင်ရန်အတွက် စာမူဖိတ်ခေါ်လွှာနှင့် လုပ်သားအသံကဏ္ဍများထည့်သွင်း ဖော်ပြပေးသွားဖို့ရှိတဲ့အတွက် စာမူနှင့်လုပ်သားအသံများပေးပို့နိုင်ပါရန်ပန်ကြားထားပါသည်။

    သတင်းလွှာအားရယူဖတ်ရှုလိုပါက – Download

     

     

  • လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲ

    လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲ

     

    “လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲ”

    ပြည်သူလူထုတစ်ရပ်လုံး မိမိတို့ ယုံကြည်ရာတရားအလိုက် တိုင်တည်သစ္စာအဓိဋ္ဌာန်ပြုကြမည့် “လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲ” များကို နိုင်ငံအနှံ့ ပြုလုပ်သွားကြမည်ဖြစ်သည်။
    တနင်္ဂနွေနေ့ နံနက် ၁၀ နာရီ ၃၇ မိနစ်အချိန်တွင် နိုင်ငံအနှံ့အပြားရှိ ပြည်သူလူထုများအနေဖြင့် မိမိတို့စုဝေးရန် အဆင်ပြေသည့် နေရာဒေသတစ်ခုခုတွင် စုဝေးကြပြီး အောက်ပါ သစ္စာအဓိဋ္ဌာန်တို့ကို ရွတ်ဆို၍ သစ္စာအဓိဋ္ဌာန်ပြုကြမည်။
    – တော်လှန်ရေးတွင် မြင့်မြတ်စွာရင်းနှီးပေးဆပ်ခဲ့ကြသူအပေါင်းတို့၏ ကျေးဇူးဂုဏ်ကို ဦးညွှတ်အလေးပြုပါသည်။
    – တော်လှန်ရေးပန်းတိုင်ရောက်သည်အထိ ဆက်လက်ချီတက်ပါမည်ဟု သစ္စာအဓိဋ္ဌာန်ပြုပါသည်။
    – တရားမျှတ လွတ်လပ်ခြင်းနှင့် တန်းတူညီမျှခြင်း တို့သည် ဤမြေ၌ တည်ပါစေသတည်း။
    – တရားတဲ့သူသာ နိုင်ကြေးဟေ့
    ပြည်သူများစုဝေးရာတစ်နေရာရာသို့ ရောက်ရှိရန် အခက်အခဲရှိပါက ကားဟွန်းတီးခြင်း၊ သံပုံးတီးခြင်း တို့ဖြင့် “လူထု့သစ္စာအဓိဋ္ဌာန်ပြုပွဲ” ကို ပါဝင်အားဖြည့်နိုင်ပါသည်။

    နေ့ရက် – ၃၁ ဇူလိုင် ၂၀၂၂(တနင်္ဂနွေနေ့)
    အချိန် – နံနက် ၁၀ နာရီ ၃၇ မိနစ်

    #peoplesoath
    #SpringRevolution

  • အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးရေးနှင့် ဝင်ငွေရရှိတိုးပွားရေးဆိုင်ရာ လုပ်ငန်းကော်မတီ သတင်းထုတ်ပြန်ချက်

    အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးရေးနှင့် ဝင်ငွေရရှိတိုးပွားရေးဆိုင်ရာ လုပ်ငန်းကော်မတီ သတင်းထုတ်ပြန်ချက်

    အမျိုးသားညီညွတ်ရေးအစိုးရ
    အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးရေးနှင့် ဝင်ငွေရရှိတိုးပွားရေးဆိုင်ရာ လုပ်ငန်းကော်မတီ
    သတင်းထုတ်ပြန်ချက်
    ဇူလိုင်လ ၂၁ ရက်၊ ၂၀၂၂ ခုနှစ်

  • ဆဲဗင်းဂျူလိုင် နှစ် ၆၀ ပြည့်အထိမ်းအမှတ်နေ့အတွက် ပြည်ထောင်စုဝန်ကြီးဦးနိုင်သုဝဏ္ဏမှပြောကြားသည့်မိန့်ခွန်း

    ဆဲဗင်းဂျူလိုင် နှစ် ၆၀ ပြည့်အထိမ်းအမှတ်နေ့အတွက် ပြည်ထောင်စုဝန်ကြီးဦးနိုင်သုဝဏ္ဏမှပြောကြားသည့်မိန့်ခွန်း

    “၁၉၆၂ စစ်အာဏာရှင်စနစ်ရဲ့ ပထမဆုံး ပန္နက်ရိုက်ခဲ့တဲ့ ဆဲဗင်းဂျူလိုင် နှစ်ပတ်လည်နေ့ဟာ စစ်အာဏာရှင်စနစ် ခေါင်းတလားကို ပိတ်သိမ်းသင်္ဂြိုဟ်မယ့် ခေါင်းတလားသံချက် တချက်ဖြစ်ပါတယ်”
     
    ဆဲဗင်းဂျူလိုင် နှစ် ၆၀ ပြည့်အထိမ်းအမှတ်နေ့အတွက် အလုပ်သမားဝန်ကြီးဌာန(အမျိုးသားညီညွတ်ရေးအစိုးရ) ပြည်ထောင်စုဝန်ကြီး ဦးနိုင်သုဝဏ္ဏ ပြောကြားသည့်မိန့်ခွန်းအားပြန်လည်ဖော်ပြအပ်ပါသည်။
     
    ဆဲဗင်းဂျူလိုင် နှစ် ၆၀ ပြည့်အထိမ်းအမှတ်နေ့အတွက် ပြည်ထောင်စုဝန်ကြီးဦးနိုင်သုဝဏ္ဏမှပြောကြားသည့်မိန့်ခွန်း
     
    ဇူလိုင် ၊ ၇ ရက် ၊ ၂၀၂၂ ခုနှစ်
     
    ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသားပြည်သူများအားလုံး မင်္ဂလာပါ ခင်ဗျာ
     
    ကျနော်ကတော့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်ထွန်းဖေ(ခ) နိုင်သုဝဏ္ဏ ဖြစ်ပါတယ်။
    ဒီနေ့ဟာ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းမှတ်တိုင်တခုဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်ဗဟိန်း အပါအဝင် လွတ်လပ်ရေးကြိုးပမ်းမှုခေါင်းဆောင်များစွာကို မွေးထုတ် ပေးခဲ့တဲ့ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အဦးကို စစ်အာဏာရှင်တို့က ဖြိုချဖျက်ဆီးခဲ့တဲ့ သမိုင်းဥဒါန်းချေသော မကျေတဲ့နေ့ဖြစ်ပါတယ်။
    ၁၉၆၂ ခုနှစ် အာဏာသိမ်းစစ်အုပ်စုရဲ့ သမိုင်းဝင်ကျောင်းသားသမဂ္ဂ အဆောက်အဦး ကို ဖြိုချခဲ့ခြင်းဟာ မြန်မာပြည်သူတွေရဲ့ လွတ်လပ်ရေး၊ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေး အားလုံးကိုပါ ဖြိုချခဲ့တဲ့ နေ့တစ်နေ့အဖြစ်လည်း မှတ်ယူနိုင်ပါတယ်။
    အလားတူ လွတ်လပ်ရေး၊ ဒီမိုကရေစီအခွင့်အရေး၊ လူ့အခွင့်အရေးနှင့် ရှေ့တန်းအကျဆုံး ခံကတုတ်ဖြစ်တဲ့ ကျောင်းသားသမဂ္ဂ အဆောက်အဦးနှင့် ကျောင်းသား ရဲဘော်များ ဖြိုချခံရပြီး စစ်အာဏာရှင်စနစ်ကို စတင်အုတ်မြစ်ချခဲ့တဲ့ နေ့လည်း ဖြစ်ပါတယ်။
     
    ပြည်သူလူထုအပေါင်းတို့ခင်ဗျာ…..
    စစ်အာဏာရှင်စနစ်ရဲ့ တိုင်းပြည်နှင့် ပြည်သူကို စစ်ကျွန်ဘဝပို့ခဲ့တဲ့ ဗိုလ်နေဝင်းက ကျောင်းသား သမဂ္ဂအဆောက်အဦးကို ဖြိုချပြီးနောက် “ဒါးကိုဒါးချင်း လှံကိုလှံချင်း ဆိုင်ရန်သာရှိကြောင်း” ဆိုပြီး တနိုင်ငံလုံးကို စိန်ခေါ်ခဲ့ပါတယ်။
    စစ်အာဏာရှင်တို့ရဲ့ လက်နက်အားကိုးနဲ့ ပြည်သူကို ဗိုလ်ကျ အနိုင်ကျင့်၊ ဖိနှိပ် စိန်ခေါ်မှုကို အလုပ်သမား၊ လယ်သမား၊ ကျောင်းသားနဲ့ ပြည်သူတရပ်လုံးဟာ စဉ်ဆက် မပြတ် တွန်းလှန်ခုခံကာကွယ် ခဲ့ကြပါတယ်။
    ၁၉၈၈ ခုနှစ်မှာ တနိုင်ငံလုံး ပြည်သူတရပ်လုံး စစ်အာဏာရှင်စနစ်ကို အုံကြွ တော်လှန်ကြတဲ့ ၈ လေးလုံး ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့ပါတယ်။ လက်နက်မဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ လက်နက်မပါ လက်ဗလာနဲ့ ပြည်သူများကို စစ်အာဏာရှင်ကိုယ်စား ဗိုလ်နေဝင်းက “ စစ်တပ်ဆိုတာ ပစ်ရင် တည့်တည့်ပစ်တယ်။ မိုးပေါ်ထောင်မပစ်ဘူး” ဆိုပြီးတော့ စိန်ခေါ်ပစ်ခတ်ခဲ့ ပါတယ်။ လက်နက်မဲ့ ဆန္ဒပြပြည်သူ ထောင်သောင်းချီပြီး ဒီမိုကရေစီအရေးတော်ပုံအတွက် အသက် စွန့်လွှတ် ခဲ့ကြရပါတယ်။
    စစ်အာဏာရှင်တို့ရဲ့ စစ်အာဏာရှင်အစိုးရနဲ့ ဖိနှိပ်အုပ်ချုပ်မှုကို ပြည်သူများ၊ ရဟန်းရှင်လူ ကျောင်းသားများဟာ ရတဲ့အခြေအနေနဲ့ ရသလို တရံမလပ် တော်လှန် ခဲ့ကြပါတယ်။ ၂၀၀၇ ခုနှစ်မှာ တကမ္ဘာလုံး အံ့အားသင့်ခဲ့ရတဲ့ ရွှေ‌ဝါရောင်သံဃာ့ အရေးတော်ပုံကြီးကို ရဟန်းရှင်လူ ပြည်သူများ အတူလက်တွဲပြီး ဆင်နွှဲခဲ့ကြပါတယ်။
     
    ပြည်သူအပေါင်းတို့ခင်ဗျာ…..
     
    စစ်အာဏာရှင်တို့ဟာ ၎င်းတို့အုပ်စိုးမှုကို ဆက်လက်ထိန်းသိမ်းရေး၊ ၎င်းတို့အာဏာ ဆုတ်ကိုင် ထားရေးတို့အတွက် ၎င်းတို့စိတ်ကြိုက် ရေးဆွဲထားတဲ့ ၂၀၀၈ အခြေခံဥပဒေနဲ့ စစ်တပိုင်း ဒီမိုကရေစီစနစ် ကို ဟန်ပြကျင့်သုံးခဲ့ပါတယ်။
     
    ပြည်သူများခင်ဗျာ…..
    စစ်အာဏာရှင်တို့စိတ်ကြိုက် ဖန်တီးထားတဲ့ ၂၀၀၈ အခြေခံဥပဒေနဲ့ နိုင်ငံရေး အခင်းအကျင်းထဲ မှာပဲ ပြည်သူတို့ဟာ ရွေးကောက်ပွဲအသီးသီးမှာ စစ်အုပ်စု၊ စစ်အာဏာ ရှင်စနစ် အခြေခံပါတီများ၊ စစ်အုပ်စု လက်ဝေခံပါတီများကို ပြတ်ပြတ်သားသား ဆန့်ကျင် ခဲ့ကြပါတယ်။
    ရွေးကောက်ပွဲတိုင်းမှာ ပြည်သူအပေါင်းတို့ဟာ ဒီမိုကရေစီအင်အားစုများကိုသာ အင်တိုက် အားတိုက် မဲပေးခဲ့ကြပြီး “ဥပဒေတွင်းတိုက်ပွဲ”ကို တနိုင်ငံလုံး ဆင်နွှဲပြီး စစ်အာဏာရှင်နဲ့ ၎င်းတို့ရဲ့ လက်ဝေခံများကို အနိုင်ယူခဲ့ကြပါတယ်။
     
    ပြည်သူအပေါင်းတို့ခင်ဗျာ
    ၂၀၂၀ ရွေးကောက်ပွဲမှာ စစ်အာဏာရှင်တို့ရဲ့ ပါတီများနဲ့ လက်ဝေခံပါတီများကို ပြည်သူများက ပြင်းထန်စွာ ဒဏ်ခတ်ပြီး “ဥပဒေတွင်းတိုက်ပွဲ”နဲ့ အနိုင်ယူခဲ့ကြပါတယ်။
    စစ်အာဏာရှင်တို့ဟာ ပြည်သူတရပ်လုံးရဲ့ “ဥပဒေတွင်းတိုက်ပွဲ” တရားမျှတစွာ ဆင်နွှဲ အနိုင်ယူခဲ့တာကို ပစ်ပယ်ကာ ထပ်မံအာဏာသိမ်းခဲ့ပါတယ်။
    ပြည်သူတရပ်လုံးဟာ စစ်အာဏာသိမ်းမှုကို လက်မခံဘဲ ငြိမ်းချမ်းစွာ ဆန္ဒပြပြီး လူထုတိုက်ပွဲ၊ ဥပဒေတွင်းတိုက်ပွဲများနဲ့ ဆန့်ကျင်တော်လှန်ကြပါတယ်။
    စစ်အာဏာရှင်တို့ဟာ လက်နက်မဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ပြည်သူများကို ရက်စက်စွာ ဆန္ဒပြ နေတဲ့ ပစ်ခတ်သတ်ဖြတ် နှိမ်နှင်းခဲ့ကြပါတယ်။ ၎င်းတို့ရဲ့ ရှေ့က စစ်အာဏာရှင်အဆက်ဆက် လက်နက်မဲ့ ပြည်သူများကို လက်နက်အားကိုးနဲ့ စိန်ခေါ်ခဲ့ သလို ယခု ၂၀၂၀ အာဏာသိမ်းစစ်တပ်ကလည်း ပြည်သူတို့ အပေါ်ကို “သေရဲ့တဲ့ကောင် ထွက်ခဲ့”ဆိုပြီး စိန်ခေါ်ခဲ့ပြန်ပါတယ်။
     
    ပြည်သူအပေါင်းတို့ခင်ဗျာ
     
    ယခုတခါ စစ်အုပ်စု၊ စစ်တပ်ရဲ့ လက်နက်မဲ့ ပြည်သူများကို လက်နက်အားကိုးနဲ့ “သေရဲတဲ့ကောင် ထွက်ခဲ့”ဆိုတဲ့ စိန်ခေါ်မှုကို ပြည်သူအပေါင်းက သည်းမခံနိုင်တော့ဘဲ စစ်အာဏာရှင်စနစ်နဲ့ ဖောက်ပြန် ပျက်စီးနေတဲ့ မြန်မာစစ်တပ်ကို အမြစ်ဖြုတ်ရှင်းထုတ်ဖို့ “လက်နက်ကိုင် တော်လှန်ရေး”ကို ရွေးချယ်ကာ စစ်တပ်ကို “ဒါးကိုဒါးချင်း လှံကိုလှံချင်း” ပြန်လည်တုံ့ပြန်အဖြေပေးလိုက်ပြီ ဖြစ်ပါတယ်။
    တော်လှန်ရေး တနှစ်တာကာလအတွင်းမှာ ပြည်သူတို့ရဲ့ တော်လှန်ရေးဟာ စစ်အာဏာရှင်စနစ်နဲ့ စစ်တပ်ကို “ပစ်ရင် မိုးပေါ်ထောင်မပစ်ဘဲ တည့်တည့်မှန်အောင်” ပစ်ပြခဲ့ကြပါတယ်။
    ယခုအချိန်မှာ စစ်အာဏာရှင်တို့နဲ့ ဖောက်ပြန်ပျက်စီးသွားပြီဖြစ်တဲ့ ၎င်းတို့ရဲ့ စစ်တပ်၊ သေရဲတဲ့ ကောင်ထွက်ခဲ့ လို့ လက်နက်မဲ့ ပြည်သူတို့ကို စိန်ခေါ်ခဲ့တဲ့ စစ်တပ်ကို ပြည်သူ့တော်လှန်ရေးအဖွဲ့များရဲ့ “သေရဲတဲ့ မင်းတို့စစ်တပ်က ကောင်တွေထွက်ခဲ့” ဆိုတဲ့ တုံ့ပြန်မှုအောက်မှာ မကြာခင် ပြိုကျပျက်စီး မိုက်ဇာတ်သိမ်းသွားတော့မှာ ဖြစ်ပါတယ်။
     
    ပြည်သူအပေါင်းတို့ခင်ဗျာ
    ၁၉၆၂ စစ်အာဏာရှင်စနစ်ရဲ့ ပထမဆုံး ပန္နက်ရိုက်ခဲ့တဲ့ ဆဲဗင်းဂျူလိုင် နှစ်ပတ်လည်နေ့ဟာ စစ်အာဏာရှင်စနစ်ရဲ့ ပထမဆုံး ပန္နက်ရိုက်ခဲ့တဲ့ ဆဲဗင်းဂျူလိုင် နှစ်ပတ်လည်နေ့ဟာ စစ်အာဏာရှင်စနစ် ခေါင်းတလားကို ပိတ်သိမ်းသင်္ဂြိုဟ်မယ့် ခေါင်းတလားသံချက် တချက်ဖြစ်ပါတယ်။
    ပြည်သူတရပ်လုံးကို လက်နက်အားကိုးနဲ့ ဖိနှိပ်အနိုင်ကျင့်ခဲ့တဲ့ ဖောက်ပြန်နေတဲ့ စစ်တပ်ကို အပြီးအပိုင် ရှင်းလင်းဖယ်ရှားလိုတဲ့ စိတ်ဓါတ်ဟာ ပိုမိုပြတ်သားလာပြီး စစ်အာဏာရှင်စနစ်ကို မြန်မာ့မြေပေါ်က အပြီးအပိုင် သင်္ဂြိုဟ် မြေမြှုပ်ပစ်မယ့် အပြီးသတ်ခေါင်တလားသံချက်များကို အတူတကွ ရိုက်နှက်ကြရင်း….
     
    “အရေးတော်ပုံ အောင်ရမည်…..
    သမဂ္ဂစိတ်ဓါတ် မြှင့်တင်ကြ….”
     
    နိုင်သုဝဏ္ဏ
    ပြည်ထောင်စုဝန်ကြီး
    အလုပ်သမားဝန်ကြီးဌာန
    အမျိုးသားညီညွတ်ရေးအစိုးရ

  • “နွေဦးလုပ်သား” သတင်းလွှာ အတွဲ(၁)၊ အမှတ်စဉ် (၂)

    “နွေဦးလုပ်သား” သတင်းလွှာ အတွဲ(၁)၊ အမှတ်စဉ် (၂)

     

    အလုပ်သမားဝန်ကြီးဌာန(အမျိုးသားညီညွတ်ရေးအစိုးရ)မှစီစဥ်သည့် နွေဦးလုပ်သား သတင်းလွှာ အတွဲ ၁ ၊ အမှတ် ၂ စတင်ထွက်ရှိ

    နွေဦးလုပ်သားသတင်းလွှာတွင် လုပ်သားပြည်သူတို့၏ အသံများကိုကြားနိုင်ရန်အတွက် စာမူဖိတ်ခေါ်လွှာနှင့် လုပ်သားအသံကဏ္ဍများထည့်သွင်း ဖော်ပြပေးသွားဖို့ရှိတဲ့အတွက် စာမူနှင့်လုပ်သားအသံများပေးပို့နိုင်ပါရန်ပန်ကြားထားပါသည်။

    သတင်းလွှာအားရယူဖတ်ရှုလိုပါက – https://assets-mol.nugmyanmar.org/…/

  • ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ်၊ မြန်မာရွှေ့ပြောင်းအလုပ်သမားရေးရာကော်မတီ (ကိုရီးယား)နှင့် တွေ့ဆုံ၍ အလုပ်သမားရေးရာကိစ္စရပ်များ ဆွေးနွေ

    ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ်၊ မြန်မာရွှေ့ပြောင်းအလုပ်သမားရေးရာကော်မတီ (ကိုရီးယား)နှင့် တွေ့ဆုံ၍ အလုပ်သမားရေးရာကိစ္စရပ်များ ဆွေးနွေ


    အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်နီ၊ ကိုရီးယား သမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ်၊ မြန်မာရွှေ့ပြောင်းအလုပ်သမားရေးရာ ကော်မတီ (ကိုရီးယား)တို့ တွေ့ဆုံ၍ အလုပ်သမားရေးရာကိစ္စရပ်များ ဆွေးနွေး-
    ဇွန်လ ၁၉၊ ၂၀၂၂ ခုနှစ်

    ကိုရီးယားသမ္မတနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ကြုံတွေ့နေရသည့် အခက်အခဲ များကို မြန်မာကိုယ်စားလှယ်ရုံးတွင် ခန့်အပ်တာဝန်ပေးအပ်ထားသော အလုပ်သမားရေးရာ တာဝန်ခံ ကိုယ်စားလှယ်က ဖြေရှင်းဆောင်ရွက်ပေးနေမှု အခြေအနေများ၊ အလုပ်သမား ဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသည့် အလုပ်သမားရေးရာ နစ်နာဆုံးရှုံးမှုများနှင့် အခွင့်အရေး ချိုးဖောက်ခံရမှုများ တိုင်ကြားရေးယန္တရားတွင် ပြည်ပနိုင်ငံများရှိ မြန်မာရွှေ့ပြောင်းအလုပ်သမား များ တိုင်ကြားနိုင်ရေး၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာ စစ်တမ်းကောက်ယူရေးနှင့် Overseas Employment Registration Card-OERC ထုတ်ပေးရေး လုပ်ငန်းစဉ်များ၊ ဆက်လက်ပူးပေါင်း ဆောင်ရွက်မည့် လုပ်ငန်းများနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၁၉-၆-၂၀၂၂ ရက်နေ့၊ မြန်မာစံတော်ချိန် ၁၈:၃၀ နာရီတွင် Zoom Meeting ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

    အစည်းအဝေးတွင် ဒုတိယဝန်ကြီးက အဖွင့်အမှာစကားနှင့် ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက် နေမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာ ကိုယ်စားလှယ် ဦးရန်နိုင်ထွန်းက ကိုယ်စားလှယ်ရုံး၏ လုပ်ငန်းဆောင်ရွက်ချက်များကို လည်းကောင်း၊ အလုပ်သမားရေးရာ တာဝန်ခံကိုယ်စားလှယ် ဦးမျိုးဟိန်းက အကူအညီတောင်း ခံလာသည့် အလုပ်သမားများအား ကာကွယ်စောင့်ရှောက်မှုပေးနေသည့် အခြေအနေများ၊ နွေဦးတော်လှန်ရေးတွင် ကိုရီးယားနိုင်ငံရောက် မြန်မာအလုပ်သမားများ၏ ပူးပေါင်းပါဝင်နေမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြဆွေးနွေးခဲ့ပါသည်။ ထို့နောက် အလုပ်သမား ဝန်ကြီးဌာန၊ ပြည်ပအလုပ်အကိုင်စီမံခန့်ခွဲရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြည်ပအလုပ် အကိုင်ဆိုင်ရာ စစ်တမ်းကောက်ယူရေး၊ OERC ကတ်ထုတ်ပေးရေး လုပ်ငန်းစဉ်များနှင့် ပူးပေါင်း ကူညီဆောင်ရွက်ပေးမည့် ကိုယ်စားလှယ်အဖွဲ့ ဖွဲ့စည်းနိုင်ရေးကိစ္စရပ်များကို ဆွေးနွေးတင်ပြခဲ့ရာ တက်ရောက်လာသူများက ပြန်လည်အကြံပြုတင်ပြခဲ့ပြီး ရှေ့ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြပါသည်။

  • တိုင်ကြားရေးယန္တရားနှင့်ပတ်သက်၍ အသိပေးခြင်း

    တိုင်ကြားရေးယန္တရားနှင့်ပတ်သက်၍ အသိပေးခြင်း

    ပြည်တွင်း၊ ပြည်ပရှိ အလုပ်သမားများအနေဖြင့် အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုများ၊ နစ်နာမှုများ ရှိပါက အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် အလုပ်သမားရေးရာ နစ်နာမှုအချက်အလက်ကောက်ယူရေးနှင့် တိုင်ကြားမှုယန္တရားတွင် တိုင်ကြားနိုင်ကြောင်း ၁၇-၄-၂၀၂၂ ရက်နေ့တွင် ကြေညာချက်အမှတ် (၅/၂၀၂၂) ဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီး ဝင်ရောက်တိုင်ကြားနိုင်မည့် နည်းလမ်းများကို ‌ရှင်းလင်းဖော်ပြပေးခဲ့ပြီး ဖြစ်ပါသည်။

    ယခုအခါ ပြည်တွင်း၊ ပြည်ပရှိ အလုပ်သမားများ အနေဖြင့် ယခု Facebook Page (တိုင်ကြားရေးယန္တရား – အလုပ်သမားဝန်ကြီးဌာန) သို့ ဝင်ရောက်၍လည်း တိုင်ကြားနိုင်ပါကြောင်း ထပ်မံအသိပေးအပ်ပါသည်။

     

    လက်ခံရရှိသည့် တိုင်ကြားမှုများအနက် လတ်တလော ဖြေရှင်းပေးနိုင်သည့် နစ်နာမှု တိုင်းကြားချက်များကို ဖြေရှင်းပေးလျက်ရှိကြောင်းနှင့် ဖြေရှင်းဆောင်ရွက်ရန် အဆင်မပြေနိုင်သည့် တိုင်ကြားမှုများကို စနစ်တကျ မှတ်တမ်းထားရှိပြီး ပြည်သူ့အစိုးရ တာဝန်ယူချိန်တွင် အရေးယူ ဖြေရှင်းပေးသွားမည် ဖြစ်ပါသည်။

    ———————–

  • အလုပ်သမားဝန်ကြီးဌာန ကြေညာချက်အမှတ် ၉ /၂၀၂၂၊ ဇွန်လ၊ (၁၆) ရက်

    အလုပ်သမားဝန်ကြီးဌာန ကြေညာချက်အမှတ် ၉ /၂၀၂၂၊ ဇွန်လ၊ (၁၆) ရက်

    အလုပ်သမားဥပဒေ၊ နည်းဥပဒေများကို လေးစားလိုက်နာကျင့်သုံး ဆောင်ရွက်သွားကြရန် သတိပေးကြေညာခြင်း

     

    ၁။       အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင်ရန်၊ ပြည်တွင်း/ပြည်ပရှိ အလုပ်သမားများအား ကာကွယ်စောင့်ရှောက်ရန်၊ အလုပ်ရှင်များနှင့်အလုပ်သမားများ၏ ရပိုင်ခွင့်နှင့်အကျိုးခံစားခွင့် များကို ဥပဒေနှင့်အညီ မှန်မှန်ကန်ကန် ရရှိခံစားစေရန်၊ လုပ်ငန်းခွင်အေးချမ်းသာယာပြီး ကုန်ထုတ်စွမ်းအား တိုးတက်မြင့်မားစေခြင်းဖြင့် နိုင်ငံတော်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန် အဓိကဆောင်ရွက်ပေးရသော ဝန်ကြီးဌာနဖြစ်သည်နှင့်အညီ စစ်အာဏာရှင်လက်အောက်တွင် ထိခိုက်နစ်နာဆုံးရှုံးလျက်ရှိသော အလုပ်ရှင်၊ အလုပ်သမားတို့၏ ဥပဒေပါ ရပိုင်ခွင့်နှင့်အကျိုးခံစားခွင့်များရရှိရန်၊ အလုပ်သမားရေးရာပြဿနာများ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များကို ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးနိုင်ရေးအတွက် ခိုင်မာအားကောင်းသည့် အလုပ်ရှင်၊ အလုပ်သမား ဆက်ဆံရေး တည်ဆောက်ရန်နှင့် လုပ်ငန်းများအဆင်ပြေချောမွေ့စွာ လည်ပတ်နိုင်စေရန်ရည်ရွယ်၍ စစ်အာဏာသိမ်းယူထားသည့် ကြားကာလတွင် အလုပ်သမားရေးရာတိုင်ကြားမှုယန္တရား (Complaint Mechanism) ကို စတင်ခဲ့ပြီး အခွင့်အရေးချိုးဖောက်ခံရသော အလုပ်သမားများ၏ တိုင်ကြားမှုများအား လက်ခံဆောင်ရွက်လျက်ရှိပါသည်။

    ၂။       အလုပ်သမားအခွင့်အရေး၊ ဥပဒေပါအကျိုးခံစားခွင့်များနှင့် စပ်လျဉ်း၍ အလုပ်သမားများ ၏ နစ်နာမှုတိုင်ကြားချက်များကို စိစစ်ခဲ့ရာ အလုပ်ရှင်အချို့သည် အောက်ပါအချက်များ ချိုးဖောက်လျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရသည် –

    (က)    အလုပ်ရှင်များသည် အလုပ်သမားများအား ခန့်ထားရာ၌ ဥပဒေနှင့်အညီ ခန့်ထားဆောင်ရွက်မှုမရှိခြင်း၊

    ( ခ )   အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ပါ အချက်များကို လိုက်နာမှုမရှိခြင်း၊

    ( ဂ )   ဥပဒေပါသတ်မှတ်ထုတ်ပြန်ထားသည့် အနည်းဆုံးအခကြေးငွေ အတိုင်း အပြည့် အဝ ပေးချေမှု မရှိခြင်း၊

    (ဃ)    ဥပဒေနှင့်အညီ အလုပ်သမားအဖွဲ့အစည်းများ ဖွဲ့စည်းဆောင်ရွက်ခြင်းကို နည်းလမ်းအမျိုးမျိုးဖြင့် တားဆီး ပိတ်ပင်ခြင်း၊

    ( င )   အလုပ်သမားများ၏ သဘောဆန္ဒမပါဘဲ အချိန်ပိုများ ခိုင်းစေခြင်း၊

    ( စ )   အချိန်ပိုလုပ်ခများကို အပြည့်အဝ ပေးချေမှုမရှိခြင်း၊

    (ဆ)    လုပ်ခလစာများ ဖြတ်တောက်ရာတွင်  ဥပဒေထက် ကျော်လွန်ဖြတ် တောက်မှုများ ရှိနေခြင်း၊

    ( ဇ )   ကလေးအလုပ်သမားများ ခန့်ထားခိုင်းစေရာတွင် ဥပဒေနှင့် ညီညွတ်စွာ ခိုင်းစေမှု မရှိခြင်း၊

    (ဈ)     လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များကို အလေးထား ဆောင်ရွက်ပေးမှုမရှိခြင်း၊

    (ည)    အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုများ၊ နစ်နာမှုများကို တင်ပြ ဆွေးနွေးခွင့် မရခြင်း။

    ၃။       သို့ဖြစ်ပါ၍ အလုပ်ရှင်များအနေဖြင့် အလုပ်သမားများအပေါ် အလုပ်သမားဥပဒေ၊ နည်းဥပဒေများနှင့် အညီလိုက်နာကျင့်သုံး ဆောင်ရွက်သွားကြရန်နှင့် လိုက်နာကျင့်သုံးမှုမရှိဘဲ ဥပဒေချိုးဖောက်သည့် အလုပ်ရှင်များ၏ အချက်အလက်များကို မှတ်တမ်းတင်ထားရှိပြီး ပြည်သူ့ အစိုးရပြန်လည်တာဝန်ယူချိန်တွင် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတိပေးအကြောင်းကြားလိုက်သည်။

     

    အလုပ်သမားဝန်ကြီးဌာန

    အမျိုးသားညီညွတ်ရေးအစိုးရ

     

     

  • ကိုရီးယားသမ္မတနိုင်ငံ၊ လူဝင်မှုကြီးကြပ်ရေးဌာနအချုပ်တွင် ဖမ်းဆီးထိန်းသိမ်းခံရသော ဗီဇာမဲ့ မြန်မာနိုင်ငံသား သုံးဦးအား အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၏ အလုပ်သမားရေးရာ တာဝန်ခံကိုယ်စားလှယ်က ပြန်လည်လွတ်မြောက်ရေး ညှိနှိုင်းဆောင်ရွက်ပေးခဲ့

    ကိုရီးယားသမ္မတနိုင်ငံ၊ လူဝင်မှုကြီးကြပ်ရေးဌာနအချုပ်တွင် ဖမ်းဆီးထိန်းသိမ်းခံရသော ဗီဇာမဲ့ မြန်မာနိုင်ငံသား သုံးဦးအား အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၏ အလုပ်သမားရေးရာ တာဝန်ခံကိုယ်စားလှယ်က ပြန်လည်လွတ်မြောက်ရေး ညှိနှိုင်းဆောင်ရွက်ပေးခဲ့

    ဇွန်လ ၁၁ ရက်၊ ၂၀၂၂ ခုနှစ်
     
    ကိုရီးယားသမ္မတနိုင်ငံ၊ ဒယ်ဂျွန်းမြို့တွင် နေထိုင်‌လုပ်ကိုင်နေသော ဗီဇာမဲ့ မြန်မာနိုင်ငံသား (၃)ဦးသည် တရားမ၀င်နေထိုင်မှုဖြင့် လူဝင်မှုကြီးကြပ်ရေးဌာနက ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် အတွက် ကူညီပေးပါရန် မြန်မာရွှေ့ပြောင်းအလုပ်သမားရေးရာကော်မတီ (ကိုရီးယား)မှတစ်ဆင့် မြန်မာကိုယ်စားလှယ်ရုံးထံ ဆက်သွယ်အကူအညီတောင်းခံလာခြင်းကြောင့် NUG မြန်မာကိုယ်စားလှယ်ရုံးရှိ အလုပ်သမားဝန်ကြီးဌာန၏ အလုပ်သမားရေးရာ တာဝန်ခံကိုယ်စားလှယ် ဦးမျိုးဟိန်းသည် ၉-၆-၂၀၂၂ ရက်နေ့တွင် ဒယ်ဂျွန်း လ၀ကသို့ သွားရောက်၍ မြန်မာနိုင်ငံသားသုံးဦး ပြန်လည်လွတ်မြောက်ရေးအတွက် တာ၀န်ခံအရာရှိနှင့် တွေ့ဆုံညှိနှိုင်းခဲ့ပါသည်။
     
    လက်ရှိအချိန်တွင် ဗီဇာမဲ့မြန်မာနိုင်ငံသားများအား အတင်းအကြပ် ဖမ်းဆီးထိန်းသိမ်းခြင်း၊ ပြန်ပို့ခြင်းမပြုလုပ်ရေး၊ အထောက်ထားခိုင်လုံမှုရှိပါက ဆက်လက်နေထိုင်လုပ်ကိုင်ခွင့်/ ခုံလှုံခွင့် လျှောက်ထားနိုင်ရေး အကြိမ်ကြိမ်ညှိနှိုင်းခဲ့ပြီးနောက် အဆိုပါမြန်မာနိုင်ငံသား သုံးဦး ပြန်လည် လွှတ်မြောက်ရေး ကူညီဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။
     
    ကိုရီးယားသမ္မတနိုင်ငံရောက် မြန်မာအလုပ်သမားများအနေဖြင့် အခက်အခဲ၊ ပြဿနာ တစ်စုံတစ်ရာ ပေါ်ပေါက်ပါက NUG မြန်မာကိုယ်စားလှယ်ရုံး၊ အလုပ်သမားရေးရာ တာဝန်ခံ ကိုယ်စားလှယ် ဦးမျိုးဟိန်း (ဖုန်း 032-503-2022 (10AM~6PM/ FRI & SAT OFF) နှင့် မြန်မာရွှေ့ပြောင်းအလုပ်သမားရေးရာ ကော်မတီ (ကိုရီးယား)ထံ ဆက်သွယ်အကူအညီတောင်းခံ နိုင်ပါကြောင်း အသိပေးအပ်ပါသည်။
     
    အလုပ်သမားဝန်ကြီးဌာန
    အမျိုးသားညီညွတ်ရေးအစိုးရ