

၁။ ထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင်၊ ဝမ်နွဲ့ရှိ Sim Card စက်ရုံမှ မြန်မာအလုပ်သမား (၁၄) ဦး အား စက်ရုံမှ ပုံမှန်အလုပ်မဆင်းခိုင်းဘဲ အလုပ်ရပ်နားမှုများရှိကြောင်း တိုင်ကြားလာသဖြင့် ၂၇-၉-၂၀၂၂ ရက်နေ့နှင့် ၂၈-၉-၂၀၂၂ ရက်နေ့တို့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၏ တာဝန်ပေးအပ်မှုအရ ကိုရဲမင်း (AAC အဖွဲ့)နှင့် ဦးသက်ပိုင်မင်းတို့က အယုဒ္ဓယခရိုင် အလုပ်သမားကာကွယ်စောင့်ရှောက်ရေးဌာန(ဆာဝါဒီကန်)နှင့် ချိတ်ဆက်၍ အလုပ်ရှင်၊ အလုပ်သမားညှိနှိုင်းဖြေရှင်းမှုကို အောက်ပါအတိုင်း ဆောင်ရွက်နိုင်ခဲ့ပါသည်-
(က) အလုပ်ဆက်လက် လုပ်ကိုင်လိုခြင်းမရှိသည့် အလုပ်သမား (၉) ဦး အတွက် အလုပ်ထုတ်နစ်နာကြေး တစ်ဦးလျှင် (၈၀၀၀) ဘတ် (၁ လစာ) နှုန်းဖြင့် စုစုပေါင်း (၇၂၀၀၀) ဘတ်နှင့် တရားဝင်အလုပ်ပြောင်းရွေ့ခွင့် စာရွက်စာတမ်းများ ကို ၂၇-၉-၂၀၂၂ ရက်နေ့တွင် အလုပ်ရှင်မှ အလုပ်သမားများအား ပေးအပ်ခဲ့ခြင်း၊
(ခ) အလုပ်ရှင်၊ အလုပ်သမား ညှိနှိုင်းသဘောတူညီချက်အရ ကျန်အလုပ်သမား (၅)ဦး အတွက် အလုပ်လုပ်ကိုင်ခွင့် အထောက်အထားများအား သက်တမ်းတိုးပေးရန်နှင့် တရားဝင်အလုပ်ပြောင်းရွေ့ခွင့် စာရွက်စာတမ်းများ
အ မြန်ဆုံးပြုလုပ်ပေးရန်၊
၂။ မြန်မာနိုင်ငံ၏ အရေးပေါ်ကာလအခြေအနေတွင် အကူညီမဲ့နေသည့် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ၏ အလုပ်သမားအကျိုး ခံစားခွင့်များရရှိအောင် ပူးပေါင်းဖြေရှင်းဆောင်ရွက်ပေးသည့် အယုဒ္ဓယခရိုင် အလုပ်သမားကာကွယ်စောင့်ရှောက်ရေးဌာန(ဆာဝါဒီကန်) နှင့် ဝန်ကြီးဌာန၏ တာဝန်ပေးအပ်မှုအရ ညှိနှိုင်းဖြေရှင်းပေးသည့် ကိုရဲမင်း (AAC အဖွဲ့)နှင့် ဦးသက်ပိုင်မင်းတို့အား အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနမှ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။
၃။အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ပြည်သူ့အစိုးရဖြစ်သည်နှင့်အညီ အရေးပေါ်ကာလ အခြေအနေတွင်လည်း ပြည်တွင်း၊ ပြည်ပ မြန်မာအလုပ်သမားများ၏ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုများ၊ အကျိုးခံစားခွင့်များ ရရှိအောင် တတ်နိုင်သည့် ဘက်မှ ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် တိုင်ကြားရေးယန္တရား ဖွင့်လှစ်၍ ကူညီဆောင်ရွက်ပေးနေပါကြောင်း အများပြည်သူသိရှိရန် ကြေညာအပ်ပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၏ တိုင်ကြားရေးယန္တရား
လူမှုစာမျက်နှာ – https://fb.me/ComplaintMoLNUG
တိုင်ကြားရေးယန္တရား ဝဘ်ဆိုဒ် – https://go.molmyanmar.org/complaint
တိုင်ကြားရေးယန္တရား တယ်လီဂရမ်အကောင့် – https://t.me/molnug

အခွင့်အရေးချိုးဖောက်ခံရသည့် ပြည်တွင်း၊ ပြည်ပရှိ အလုပ်သမားများနှင့် သင်္ဘောသားများအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၏ တိုင်ကြားရေးယန္တရားသို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပေးကြေညာခြင်း
________________________________________
အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရသော ပြည်တွင်း၊ ပြည်ပရှိ အလုပ်သမားများ၏နစ်နာမှုများကို မှတ်တမ်းယူခြင်းနှင့်ကူညီဖြေရှင်းခြင်းတို့ ဆောင်ရွက်နိုင်ရန် “အလုပ်သမားရေးရာ နစ်နာမှုအချက်အလက်ကောက်ယူရေးနှင့် တိုင်ကြားရေးယန္တရား” ကို ၁၇–၄–၂၀၂၂ ရက်နေ့တွင် စတင်အကောင်အထည်ဖေါ်ခဲ့ပြီး တိုင်ကြားမှုများကို လက်ခံဖြေရှင်းပေးခြင်း၊ မှတ်တမ်းရယူပြုစုခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။
ယခုအခါ အဆိုပါတိုင်ကြားရေးယန္တရားတွင် ပြည်တွင်း၊ ပြည်ပရှိ အလုပ်သမားများသာမက အခွင့်အရေးချိုးဖောက်ခံရသည့် သင်္ဘောသားများအနေဖြင့် သတင်းပေးပို့တိုင်ကြားနိုင်ရန် သင်္ဘောသား တိုင်ကြားမှုများကိုပါ လက်ခံ ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။
သို့ဖြစ်၍ သင်္ဘောသားများအပါအဝင် ပြည်တွင်း၊ ပြည်ပရှိ အလုပ်သမားများအနေဖြင့် မိမိတို့နှင့် သက်ဆိုင်သည့် တိုင်ကြားမှု ပုံစံတွင် အချက်အလက်များ ဖြည့်သွင်း၍ တိုင်ကြားနိုင်ပါကြောင်းနှင့် တိုင်ကြားမှုနှင့်စပ်လျဉ်းသည့် သတင်းအချက်အလက်လုံခြုံရေး ခိုင်မာမှုရှိစေရန် လိုအပ်သော နည်းပညာအဆင့်တိုးမြှင့်ဆောင်ရွက်ထားရှိပါကြောင်း အသိပေးကြေညာအပ်ပါသည်။
ဝန်ကြီးဌာနအနေဖြင့် တော်လှန်ရေးကာလအတွင်း ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးနိုင်သည့် တိုင်ကြားမှုများကို အချိန်နှင့် တပြေးညီ ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပြီး အရေးယူမှုပြုလုပ်ရန်လိုအပ်သည့် အလုပ်သမားအခွင့်အရေးချိုးဖောက်မှုများအား စနစ်တကျ မှတ်တမ်းထားရှိ၍ ပြည်သူ့အစိုးရ တာဝန်ယူချိန်တွင် စီရင်သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
တိုင်ကြားရေးယန္တရား ဝဘ်ဆိုဒ်လင့်ခ် – https://complaint-mol.nugmyanmar.org
ထိုင်းနိုင်ငံ၊ စမုပရာကန်ခရိုင်၊ ဘန်ဘော်နယ်မြေရှိ ငါးသေတ္တာစက်ရုံမှ အလုပ်ထုတ်ခံရသည့် အလုပ်သမားများအတွက် ဖြေရှင်းဆောင်ရွက်ထားရှိမှုအခြေအနေ
၁။ ထိုင်းနိုင်ငံ၊ စမုပရာကန်ခရိုင် ဘန်ဘော်နယ်မြေရှိ ငါးသေတ္တာစက်ရုံမှ မြန်မာအလုပ်သမား (၁၁၀) ဦးခန့် အလုပ်ထုတ်ခံရပြီး အမျိုးသားညီညွတ်ရေးအစိုးရမှ ဝင်ရောက်ဖြေရှင်းပေးရန် ဆန္ဒဖော်ထုတ်သဖြင့် ၂၁.၉.၂၀၂၂ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ပေးအပ်မှုအရ ကိုရဲမင်း(AAC အဖွဲ့) နှင့် ဦးသက်ပိုင်မင်း တို့က စမုပရာကန်ခရိုင် အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးနှင့် ချိတ်ဆက်၍ အောက်ပါအတိုင်း ဖြေရှင်းဆောင်ရွက်ခဲ့ပါသည်-
(က) အလုပ်ထုတ်ရာတွင် ကြိုတင်အကြောင်းကြားရန် ပျက်ကွက်ခြင်းကြောင့် အလုပ်သမား ၃၈ ဦးအတွက် လုပ်ခလစာနှင့် လုပ်သက်အလိုက် နစ်နာကြေးများ ရရှိရန် အလုပ်ရှင်အား အမှုဖွင့်ခဲ့ခြင်း၊
(ခ) အလုပ်ရှင်၊ အလုပ်သမား ညှိနှိုင်းသဘောတူမှုအရ ကျန်အလုပ်သမားများအတွက် အလုပ်ရှင်မှ ပေးရန်ကျန်ရှိသောလုပ်အားခများနှင့် တရားဝင်အလုပ်ပြောင်းရွှေ့ခွင့် စာရွက်စာတမ်းများ အမြန်ဆုံးရရှိနိုင်ရေး ညှိနှိုင်းဆောင်ရွက်ခဲ့ခြင်း၊
၂။ ထို့ပြင် အလုပ်ရှင်အား အမှုဖွင့်ထားသည့် အလုပ်သမား (၃၈) ဦးအတွက် တရားဝင်အလုပ်ပြောင်းရွေ့ခွင့်ရရှိရန် စမုပရာကန်ခရိုင်၊ အလုပ်အကိုင်ဌာန(ကျဟာငန်) နှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိပါသည်။
၃။ မြန်မာနိုင်ငံ၏ အရေးပေါ်ကာလအခြေအနေတွင် အကူအညီမဲ့နေသည့် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ၏ အလုပ်သမားအကျိုး ခံစားခွင့်များရရှိအောင် ပူးပေါင်းဖြေရှင်းဆောင်ရွက်ပေးသည့် စမုပရာကန်ခရိုင် အလုပ်သမားကာကွယ်စောင့်ရှောက်ရေးဌာန(ဆာဝါဒီကန်) ၊ အလုပ်အကိုင်ဌာန (ကျဟာငန်) နှင့် ဝန်ကြီးဌာန၏ တာဝန်ပေးအပ်မှုအရ ညှိနှိုင်းဖြေရှင်းပေးသည့် ကိုရဲမင်း (AAC အဖွဲ့)နှင့် ဦးသက်ပိုင်မင်းတို့အား အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနမှ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။
၄။အမျိုးသားညီညွှတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ပြည်သူ့အစိုးရဖြစ်သည်နှင့်အညီ အရေးပေါ်ကာလ အခြေအနေတွင်လည်း ပြည်တွင်း၊ ပြည်ပ မြန်မာအလုပ်သမားများ၏ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုများ၊ အကျိုးခံစားခွင့်များ ရရှိအောင် တတ်နိုင်သည့်ဘက်မှ ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် တိုင်ကြားရေးယန္တယား ဖွင့်လှစ်၍ ကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း အများပြည်သူသိရှိရန် ကြေညာအပ်ပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၏ တိုင်ကြားရေးယန္တရား
လူမှုစာမျက်နှာ – https://fb.me/ComplaintMoLNUG
တိုင်ကြားရေးယန္တရား ဝဘ်ဆိုဒ် – https://go.molmyanmar.org/complaint
တိုင်ကြားရေးယန္တရား တယ်လီဂရမ်အကောင့် – https://t.me/molnug
ထိုင်းနိုင်ငံ၊ နခွန်ပထုန်ခရိုင်ရှိ အထည်ချုပ်စက်ရုံတစ်ခုတွင် MOU အလုပ်သမားများ ဝင်ရောက်လာမည်ဖြစ်၍ မြန်မာအလုပ်သမား (၂၂၇) ဦးအား အကြောင်းမဲ့ အလုပ် ထုတ်ပစ်ခြင်းကိစ္စဖြေရှင်းဆောင်ရွက်ပြီးစီးခြင်း
၁။ ထိုင်းနိုင်ငံ၊ နခွန်ပထုန်ခရိုင် (အုန်းရိုင်) Big C ကုန်တိုက်အနီးရှိ အထည်ချုပ် စက်ရုံတစ်ရုံတွင် MOU အလုပ်သမား ဝင်ရောက်လာမည်ဖြစ်သည့်အတွက် ယင်းစက်ရုံ၌ လက်ရှိ အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမား (၂၂၇) ဦးအား အကြောင်းမဲ့ အလုပ်ထုတ်ပယ်ခံနေရမှုအပေါ် ကူညီဖြေရှင်းပေးပါရန် တိုင်ကြားလာသဖြင့် အဆိုပါစက်ရုံအလုပ်သမားပြဿနာများကို တာဝန်ယူဖြေရှင်းရန် အမျိုးသားညီညွတ်ရေး အစိုးရ၊ အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ပေးအပ်ထားသည့် ကိုရဲမင်း (AAC) အဖွဲ့နှင့် ဦးသက်ပိုင်မင်းတို့သည် နခွန်ပထုန်ရှိ အလုပ်သမားဌာနများနှင့် ချိတ်ဆက်၍ ၈.၉.၂၀၂၂ ရက်နေ့နှင့် ၉.၉.၂၀၂၂ ရက်နေ့တို့တွင် ယင်းစက်ရုံသို့သွားရောက်ပြီး အောက်ပါအတိုင်း ကူညီဖြေရှင်းပေးခဲ့ပါသည်-
(က) စက်ရုံမှ ကြိုတင်အကြောင်းမကြားပဲအလုပ်ထုတ်သဖြင့် အလုပ်သမား (၁၆၇) ဦး အတွက် (၁၅) ရက်စာ လုပ်ခခံစားခွင့် စုစုပေါင်း (၈၂၉,၁၅၅) ဘတ် နှင့် လုပ်သက် (၁၂၀) ရက်ပြည့်သည့် အလုပ်သမားများ လုပ်သက် နစ်နာကြေးများ ခံစားရရှိနိုင်ရေး အလုပ်သမားကာကွယ် စောင့်ရှောက် ရေးဌာနမှ ဆောင်ရွက်လျက်ရှိပါကြောင်း၊
(ခ) အလုပ်သမားများအား တရားဝင်အလုပ်ပြောင်းရွှေ့ခွင့်ရရှိရန် နခွန်ပထုန် ခရိုင်၊ အလုပ်အကိုင်ဌာနမှ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊
(ဂ) စက်ရုံမှ မကြာမီ အလုပ်ထုတ်မည့် အလုပ်သမား (၆၀) ဦးအတွက် စက်ရုံတာဝန်ရှိသူများနှင့် ညှိနှိုင်းရာ အလုပ်သမားများ၏ ဆန္ဒ အရ အလုပ်နှုတ်ထွက်စာတင်၍ ရက်သတ္တပတ်အတွင်း တရားဝင်အလုပ် ပြောင်းရွှေ့ခွင့် (ဘိုင်ကျက်အော်) ရရှိနိုင်ရေး သဘောတူညီမှုရရှိခဲ့ပါ ကြောင်းနှင့်
(ဃ) အလုပ်သမားများအနေဖြင့် အလုပ်အကိုင်အခက်ခဲများရှိပါက နခွန်ပထုန် ခရိုင် အလုပ်အကိုင်ဌာနမှ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊
၂။ MOU အလုပ်သမားများ ဝင်ရောက်လာမည်ဖြစ်၍ အကြောင်းမဲ့ အလုပ် ထုတ်ပယ်ခြင်းခံရသည့် အလုပ်သမား (၂၂၇) ဦး၏ အလုပ်သမားရေးရာ ကိစ္စရပ်များ နှင့်စပ်လျဉ်း၍ ထိုင်းနိုင်ငံ အလုပ်သမားဥပဒေများနှင့်အညီ ကူညီ ဆောင်ရွက်ပေးသည့် နခွန်ပထုန်ခရိုင် အလုပ်သမားကာကွယ်စောင့်ရှောက်ရေးဌာန(ဆာဝါဒီကန်)၊ အလုပ် အကိုင်ဌာန(ကျဟာငန်)နှင့် လူမှုဖူလုံရေးဌာန (ပကန်စခွန်) တို့မှ တာဝန်ရှိသူများနှင့် ကိုရဲမင်း (AAC)အဖွဲ့နှင့် ဦးသက်ပိုင်မင်းတို့အား အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန မှ ကျေးဇူးအထူးတင်ရှိပါသည်။
၃။ ထိုင်းနိုင်ငံသို့ MOU အလုပ်သမားစေလွှတ်ရာတွင် အလုပ်သမား လိုအပ်ချက်ရှိမရှိ စိစစ်မှုမရှိဘဲ စေလွှတ်မည့် Agency အား အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနမှ အရေးယူဆောင်ရွက်သွားမည်ဖြစ် ကြောင်း အသိပေးကြေညာအပ်ပါသည်။

u
အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန တယ်လီဂရမ် ချန်နယ်စတင်ဖွင့်လှစ်ကြောင်းအသိပေးကြေညာခြင်း
စက်တင်ဘာလ ၅ ရက် ၊ ၂၀၂၂
အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန တယ်လီဂရမ် ချန်နယ်စတင်ဖွင့်လှစ်ကြောင်း ပြည်သူများသိစေရန် အသိပေးကြေညာအပ်ပါသည်။
အဆိုပါတယ်လီဂရမ် ချန်နယ်တွင် လုပ်သား ပြည်သူများ သိသင့်သိထိုက်သည့်သတင်းအချက်အလက်များအပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန ၏ အသိပေးထုတ်ပြန်ချက်များ၊ ကြေညာချက်များကို အချိန်နှင့်တပြေးညီဖော်ပြပေးသွားမည်ဖြစ်သည်။
သို့ဖြစ်ပါ၍ လုပ်သားပြည်သူများအနေဖြင့်အောက်ဖော်ပြပါ တယ်လီဂရမ် ချန်နယ်မှတဆင့် ဝန်ကြီးဌာန၏ သတင်းအချက်အလက်များ၊ အသိပေးထုတ်ပြန်ချက်များ၊ ကြေညာချက်များ ကိုအချိန်နှင့်တပြေးညီဝင်ရောက်ဖတ်ရှုနိုင်ပြီဖြစ်ပါသည်။
တယ်လီဂရမ်ချန်နယ် – https://t.me/MoLNUGMyanmar


(၇၂)နှစ်မြောက် ကရင်အာဇာနည်နေ့အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးတက်ရောက်ဂုဏ်ပြုခဲ့

“(၇၂)နှစ်မြောက်ကရင်အာဇာနည်နေ့အားဂုဏ်ပြုအပ်ပါသည်”
သြဂုတ်လ ၊ ၁၂ ရက်
ယနေ့ကျရောက်သည့်၇၂နှစ်မြောက်ကရင့်အာဇာနည်နေ့သည့်ကရင်တိုင်းရင်းသားတို့၏လွတ်လပ်ခွင့်၊တန်းတူညှီမျှခွင့်၊ကိုယ်ပိုင်ပြဌာန်းခွင့်တို့အတွက်ဖိနှိပ်သူအပေါင်းကိုတော်လှန်လှန်ရင်းကျဆုံးသွားခဲ့ရသည့်သောဘဦးကြီးနှင့်တကွကရင့်အာဇာနည်အပေါင်းကိုအောက်မေ့ဂုဏ်ပြုသောအားဖြင့်သတ်မှတ်ထားသည့်ကရင့်အာဇာနည်နေ့ဖြစ်သည်။
ကရင်တိုင်းရင်းသားများသည်ရှေးယခင်ကပင်ပြည်ထောင်စုဖွားတိုင်းရင်းသားသွေးခြင်းညီကိုများနှင့်အတူတကွအင်္ဂလိပ်ကိုလိုနီ၊ဖက်ဆစ်ဂျပန်များကိုတွန်းလှန်တိုက်ခိုက်ယုံသာမကမြန်မာပြည်လွတ်လပ်ရေးရပြီးနောက်ပိုင်းပေါ်ပေါက်လာသည့်စစ်အာဏာရှင်အဆက်ဆက်ကိုလည်းအနိုင်မခံအရှူံးမပေးစိတ်ဓါတ်ဖြင့်မိမိတို့ကရင်တိုင်းရင်းသားများအပါအဝင်ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးအာဏာရှင်စနစ်ဆိုးလက်အောက်မှလွတ်မြောက်အောင်ရွပ်ရွပ်ချွံချွံခုခံတော်လှန်တိုက်ခိုက်ခဲ့ကြပြီးယနေ့အချိန်အထိလည်းဆက်လက်တိုက်ပွဲဝင်နေကြဆဲဖြစ်သည်။
၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပေါ်ပေါက်လာသည့်အကြမ်းဖက်စစ်အုပ်စုရဲ့အာဏာသိမ်းမှု့အတွင်းယခုပြည်သူလူထုတရပ်လုံးတခဲနက်ပါဝင်နေကြသည့်နွေဦးတော်လှန်ရေးကာလခုခံကာကွယ်ရေးတိုက်ပွဲများတွင်းလည်းပြည်တွင်း၊ပြည်ပရှိကရင်လူမျိုးများအနေဖြင့်တိုင်းရင်းသားညီအကိုများလက်တွဲမဖြုတ်တမ်းပါဝင်တိုက်ပွဲဝင်နေမှု့များအတွက်လည်းပြည်သူလူထုကိုယ်စားဂုဏ်ပြုလေးစားအပ်ပါသည်။
ယနေ့အချိန်အထိစစ်အုပ်စု၏ပြည်သူလူထုအပေါ် အကြမ်းဖက်မှုများကိုထူးချွန်ပြောင်မြောက်စွာကာကွယ်ခုခံနိုင်နေသည်မှာတိုင်းရင်းသားညီအကိုများ၏စစ်အာဏာရှင်စနစ်ဆိုးပြတ်မှသာလျှင်တန်းတူညီမျှပြီးကိုယ်ပိုင်ပြဌာန်းခွင့်၊လွတ်လပ်သောဖဒရာယ်နိုင်ငံတော်သစ်ကြီးကိုရမည်ဟူသောမြဲမြံ ခိုင်မာသောစိတ်ဓါတ်ကြောင့်ဖြစ်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊အလုပ်သမားဝန်ကြီးဌာနအနေနှင့်ယနေ့ကျရောက်သည့် (၇၂)နှစ်မြောက်ကရင့်အာဇာနည်နေ့တွင်ဖိနှိပ်သူအာဏာရှင်အဆက်ဆက်အားခုခံတော်လှန်ရင်းကျဆုံးသွားခဲ့ရရှာသောကရင်အာဇာနည်များအပါအဝင်တိုင်းရင်းသားလူမျိုးစုအသီးသီးမှအာဇာနည်အပေါင်းအားပြည်သူလူထုနဲ့ထပ်တူထပ်မျှလေးစားဂုဏ်ယူစွာဖြင့်ဦးညွှတ်အလေးပြုအပ်ပါကြောင်း အထူးပင်အလေးအနက်ထားပြောကြားအပ်ပါသည်။
ခေတ်အဆက်ဆက်စစ်အာဏာရှင်များနှင့်ဖိနှိပ်သူများကိုတွန်းလှန်ရင်းကျဆုံးသွားသည့်အာဇာနည်များ၏ရည်မှန်းချက်ဖြစ်သည့်အာဏာရှင်စနစ် အပြီးတိုင်ပပျောက်စေရေးနှင့် တိုင်းရင်းသားအားလုံး တန်းတူယှဉ်တွဲ နေထိုင်နိုင်မည့် တရားမျှတပြီး ငြိမ်းချမ်းသည့် ဖက်ဒရယ်နိုင်ငံတော် တည်ဆောက် ရေး တို့အမြန်ဆုံးပေါ်ပေါက်လာနိုင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊အလုပ်သမားဝန်ကြီးဌာနအနေ ဖြင့် တိုင်းရင်းသားပြည်သူများနှင့်တကွမြဲမြံခိုင်မာသည့်စိတ်ဓါတ်ဖြင့်ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်းကတိသစ္စာပြုပါသည်။
အလုပ်သမားဝန်ကြီးဌာန(အမျိုးသားညီညွတ်ရေးအစိုးရ)
အမျိုးသားညီညွတ်ရေးအစိုးရ
အလုပ်သမားဝန်ကြီးဌာန
သြဂုတ်လ ၊ ၁၁ ရက် ၊ ၂၀၂၂ ခုနှစ်
ယနေ့မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် ဝါခေါင်လပြည့်နေ့ (ခရစ်နှစ် ၂၀၂၂ ခုနှစ် သြဂုတ်လ (၁၁) ရက်) သည် မွန်အမျိုးသားများ၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် လက်နက်ကိုင်တော်လှန်ခြင်း (၇၅) နှစ် ပြည့်မြောက်သော နေ့ဖြစ်ပါသည်။မွန်လူမျိုးတို့သည် သက္ကရာဇ် ၁၃၁၀ ခုနှစ် ဝါခေါင်လပြည့်နေ့တွင် ဖဆပလ အစိုးရကို မလွဲမရှောင်သာဘဲ စတင်တော်လှန်ခဲ့ရခြင်းဖြစ်ပြီး အဆိုပါ နေ့ကို “မွန်တော်လှန်ရေးနေ့” အဖြစ် သတ်မှတ်လာခဲ့ကာ ယခုဆိုလျှင် မွန်တော်လှန်ရေးခရီးသည်လည်း ၇၅ နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။
၁၉၄၈ ခုနှစ် ၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် မြန်မာနိုင်ငံ လွတ်လပ်ရေးကြေညာပြီး “ပြည်ထောင်စုမြန်မာနိုင်ငံတော်” အဖြစ် အမည်နာမ ပေးရာတွင် ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းဝိသေသတိုင်း စသည်တို့ဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့သော်လည်း မွန်လူမျိုးတို့မှာ လူမျိုးရေးအရ အသိအမှတ်ပြုခြင်း မခံခဲ့ရပေ။ အထက်ပါ အခြေအနေများကြောင့် မွန်လူမျိုးရေးရာအဖွဲ့ချုပ်သည် ငြိမ်းချမ်းသော ဒီမိုကရေစီလှုပ်ရှားမှုအသွင်တရပ် အဖြစ် ၁၉၄၈ နှစ်ဦးပိုင်းတွင် မွန်ပြည်နယ်ဖော်ထုတ်ပေးရေး ဆန္ဒပြပွဲကြီးကို ပြုလုပ်ခဲ့ကြပြီး အဆိုပါဆန္ဒပြပွဲကြီးတွင် မွန်သံဃာတော်များအပါအဝင် အလွှာအသီးသီးမှ မွန်လူမျိုး ထောင်ပေါင်းများစွာတို့က “မွန်ပြည်နယ်ချက်ချင်းပေး” ဟူသော ကြွေးကြော်သံနဲ့အတူ မော်လမြိုင်မြို့တွင် ဆန္ဒပြခဲ့ကြသည်။
မွန်လူမျိုးရေးရာအဖွဲ့ချုပ်က ဦးဆောင်လှုပ်ရှားသည့် မွန်ပြည်နယ် ဖော်ထုတ်ရေးကိစ္စရပ်များ တဖြည်းဖြည်း တိုးတက်အောင်မြင်လာသည်နှင့်အမျှ ဖဆပလအစိုးရခေါင်းဆောင်များမှ မွန်အမျိုးသားခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးရာတွင် “မွန်နှင့်မြန်မာ အတူတူပဲ၊ မွန်တို့တောင်းဆိုချက်နဲ့ပတ်သက်လို့ သီးခြားစဉ်းစားစရာမလိုအပ်” ဟု အကြောင်းပြန်လာပါသည်။ ထို့ကြောင့် မွန်လူမျိုးတို့သည် ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် သီးခြားမွန်ပြည်နယ်တရပ် ပေါ်ပေါက်လာရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုနည်းဖြင့် မရရှိနိုင်ကြောင်း နားလည်သဘောပေါက်လာပြီး သက္ကရာဇ် ၁၃၁၀ ခုနှစ် ၊ ဝါခေါင်လပြည့်နေ့တွင် နိုင်ပန်းသာ၊ နိုင်မောင်သိန်း (ခ) ဗိုလ်သိန်း နှင့် မွန်မျိုးချစ်လူငယ် (၂၇) ဦး တို့မှ ဦးဆောင်ကာ ဘားအံမြိုနယ်၊ ဇာသပြင်ကျေးရွာရှိ ရဲစခန်းကို ဝင်ရောက်သိမ်းပိုက်လိုက်ပြီး လက်နက်စွဲကိုင်၍ စတင်တော်လှန်ခဲ့ကြသည်။
ထိုသို့ တော်လှန်ခဲ့သည့် ၁၃၁၀ ခုနှစ် ၊ ဝါခေါင်လပြည့်နေ့မှ စတင်ခဲ့သည့် မွန်တော်လှန်ရေးနေ့သည် ယနေ့ သက္ကရာဇ် ၁၃၈၄ ခုနှစ် ၊ ဝါခေါင်လပြည့်နေ့တွင် (၇၅) နှစ်တိုင်တိုင် ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။ မွန်အမျိုးသားတို့ လက်နက်စွဲကိုင်တော်လှန်ရသည့် အနေအထားကို ကြည့်မည်ဆိုလျှင် တော်လှန်ရေးတို့မည်သည် သူ့အလိုအလျောက် ပေါ်ပေါက်လာခြင်း မဟုတ်ဘဲ ဖိနှိပ်မှုများကြောင့် တော်လှန်ရေးပေါ်ပေါက်လာရခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် လွတ်လပ်ရေးကို ရရှိခဲ့သော်လည်း လူ့အခွင့်အရေးချိုးဖောက်မှု၊ ဒီမိုကရေစီအရေး တန်းတူညီမျှမှု မရှိခြင်းတို့ကြောင့် ရှစ်လေးလုံး (၈၈၈၈) ဒီမိုကရေစီအရေးတော်ပုံနဲ့ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးတို့အပြင် ယနေ့ပြည်သူလူထုတရပ်လုံးပါဝင်ဆင်နွှဲနေသည့် နွေဦးတော်လှန်ရေးကြီးများ ပေါ်ပေါက်လာရခြင်း ဖြစ်သည်။
သို့ဖြစ်၍ ယနေ့ကျရောက်သည့် ၇၅ နှစ်ပြည့် စိန်ရတု “မွန်တော်လှန်ရေးနေ့” တွင် ခေတ်အဆက်ဆက်မှ ယနေ့အချိန်အထိ အာဏာရှင်စနစ်တိုက်ဖျက်ရေး၊ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းလာရေး တို့အတွက် တွန်းလှန်တိုက်ပွဲဝင်ခဲ့ကြသည့် မွန်အမျိုးသားအပေါင်းကို ဂုဏ်ပြုဦးညွှတ်ပါကြောင်းနှင့် မွန်လူမျိုးများ၏ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးများ ရရှိရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းလာရေး ရည်မှန်းချက်များ အောင်မြင်ပါစေကြောင်း မိမိတို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနမှ လေးနက်စွာဖြင့် ဆန္ဒပြုအပ်ပါသည်။